International News

စားနပ်ရိက္ခာလေလွင့်မှုများကို လျှော့ချရန် တရုတ်သမ္မတတိုက်တွန်း

Last Updated:

တရုတ်နိုင်ငံ၏သမ္မတမစ္စတာရှီကျင့်ဖျင်က နိုင်ငံအတွင်း စားနပ်ရိက္ခာလေလွင့်မှုများအား လျှော့ချရန်၊ COVID-19ကပ်ရောဂါဖြစ်ပွားခဲ့မှုနှင့် ရင်ဆိုင် ခဲ့ရသည့် ကာလကို နမူနာယူ၍ စားနပ်ရိက္ခာလုံခြုံရေးအကြပ်အတည်းအပေါ် သတိပြုကြရန် နိုင်ငံပိုင် သတင်းမီဒီယာဖြစ်သည့် CGTNမှ တစ်လ အတွင်းနှစ်ကြိမ်မြောက်အဖြစ် တိုက်တွန်းလိုက်ပါသည်။ ထိုအချက်က တရုတ်နိုင်ငံတွင် ရေလွှမ်းမိုးခြင်း၊ ပိုးမွှားကျရောက်ခြင်းတို့ ဖြစ်ပွားပြီး နောက် ကောက်ပဲသီးနှံနှင့် ဝက်သားလိုအပ်ချက်များနှင့် ရင်ဆိုင်နေရဖွယ်ရှိကြောင်းပြသသည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟု တရုတ်နိုင်ငံအပေါ် လေ့လာသူတို့က သုံးသပ်နေကြပါသည်။

တရုတ် National Food and Strategic Reserves Administrationက ယခု ရက်သတ္တပတ်အတွင်း ၎င်းဌာန၏ Weibo လူမှုကွန်ယက်ပေါ်တွင် ထုတ်ပြန်ချက်အရ သြဂုတ်လအတွင်း အန်းဝေပြည်နယ်တွင်ဂျုံတန်ချိန် (၅.၉၂)သန်း ထွက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ဂျုံတန်ချိန် (၂.၂၂)သန်း လျော့နည်းခဲ့ကြောင်း၊  တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဂျုံထွက်ရှိမှု တန်ချိန် (၉)သန်းကျော်လျော့နည်းခဲ့ကြောင်း သိရပါသည်။ ဂျုံသီးနှံမှာ ရန်ဇီမြစ် ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရသည့် တရုတ်နိုင်ငံတောင်ပိုင်းမှ စိုက်ခင်းဟက်တာပေါင်း (၁၁.၄)သန်းအနက်မှ ကောက်ပဲသီးနှံ တစ်မျိုး ဖြစ်ပါသည်။ အခြားကောက်ပဲသီးနှံများတွင်လည်း အလားတူသက်ရောက်မှုများရှိပါသည်။

သြဂုတ်လ (၁၂)ရက်နေ့က တရုတ်နိုင်ငံ၏ National Food and Strategic Reserves Administrationမှ ကြေငြာချက်အရ ယခင်နှစ်အတွင်း ဂျုံဝယ်ယူမှု တန်ချိန် (၁၀)သန်းနီးပါး ကျဆင်းခဲ့ကြောင်း၊ ပန်းနှမ်းဝယ်ယူမှုမှာ တန်ချိန် (၅၁,၀၀၀)လျော့နည်း ခဲ့ကြောင်းနှင့် စပါးစိုက်ခင်းများတွင် ရေလွှမ်းမိုးမှုကြီးများဖြစ်ပေါ်ခဲ့သော်လည်း ဆန်ဝယ်ယူမှုမှာ တန်ချိန် (၂.၆၄၁)သန်းရှိခဲ့ကာ ယခင်နှစ်ကထက် တန်ချိန် (၁၂၆,၀၀၀) တိုးလာခဲ့ ကြောင်း သိရပါသည်။

ထိုစဉ်အတွင်း တရုတ်နိုင်ငံ၏ အစားအစာဈေးနှုန်းများမှာ ဇူလိုင်လအတွင်း ယခင်နှစ်အလားတူကာလကထက် (၁၀)ရာခိုင်နှုန်း တက်လာခဲ့ကာ၊ ဝက်သားဈေးနှုန်းမှာ (၈၆)ရာခိုင်နှုန်းတက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်ကြေငြာခဲ့ပါ သည်။

ဇွန်လအစောပိုင်းမှစ၍ အဓိကကောက်ပဲသီးနှံစိုက်ပျိုးသည့် ရန်ဇီမြစ်၊ Huai မြစ်နှင့် မြစ်ဝါမြစ်ဝှမ်းဒေသများရှိ  ပြည်နယ်ပေါင်း (၂၇)ခုနှစ်၌ ရေလွှမ်း မိုးမှုများ ဆက်တိုက် ကြုံလာခဲ့သဖြင့်  ယွမ်ငွေ (၁၄၄.၄)ဘီလီယံတန်ဖိုး ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါသည်။

ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်မှုကြောင့် ပြောင်းအရန် သိုလှောင်ထားရှိမှု Bushels (၁.၄)ဘီလီယံ ရှိနေသော်လည်း  ပြောင်းဈေးနှုန်းများမှာ (၅)နှစ်အတွင်း အမြင့်ဆုံးတက်လာခဲ့ကြောင်း Forbes က အစီရင်ခံထားပါသည်။ ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများမှ ရောက်ရှိလာသည့် ကျိုင်းကောင်များ၏ အန္တရာယ်နှင့်လည်း ရင်ဆိုင်ရဖွယ်ရှိနေပါသည်။

၎င်းအချိန်အတွင်း တရုတ်နိုင်ငံတဝှမ်း၌ စီးပွားရေးပြန်လည်မြှင့်တင်ရန် စားသောက်ဆိုင်များနှင့် အစားအစာပြင်ဆင်ချက်ပြုတ် ဝန်ဆောင်မှု ပေးသောလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားရာ ၎င်းလုပ်ငန်းများမှ စွန့်ပစ်သော အလေအလွင့်များကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် ဖြစ်ပေါ်လာနိုင်သည့်အပေါ် ဗူးလေးရာဖရုံဆင့် ဖြစ်လာနိုင်ကြောင်း တရုတ်သမ္မတက သတိပေးလာခြင်းဖြစ်ပါသည်။

စားသောက်ဆိုင်များတွင် အစားအစာများကို မိမိတို့ လိုအပ်သလောက်သာ မှာကြားကြရန်နှင့် မိမိတို့ပန်းကန်အတွင်း စားနိုင်သလောက် ပမာဏ ကိုသာ ယူငင်ကြရန် တိုက်တွန်းထားပါသည်။

တရုတ်နိုင်ငံတော်ကောင်စီက စားသောက်ဆိုင်များနှင့် စားသုံးသူများအား အစားအစာအလေအလွင့်များ လျှော့ချရေးအတွက် ပညာပေးရန်နှင့် စည်းကမ်းချမှတ်ရန် လုပ်ငန်းအဖွဲ့တည်ထောင်ထားပြီးဖြစ်ပါသည်။  စားနပ်ရိက္ခာလုံခြုံရေးနှင့် အစားအစာစီမံခန့်ခွဲရေး ဉပဒေအသစ်တစ်ရပ်ကို လည်းမူကြမ်းရေးဆွဲနေပြီး၊ အစားအစာလေလွင့်စေသူများအား (ထောင်ဒဏ်အပါအဝင်) ပြစ်ဒဏ်များချမှတ်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရပါသည်။

ထိုကဲ့သို့ဆောင်ရွက်မှုများမှာ COVID-19ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် အစားအစာကုန်သွယ်ရေးကျဆင်းနေချိန်တွင် ဆိုးကျိုးသက်ရောက်လာနိုင်သည်များကို လျော့ပါးသက်သာစေရန်ဖြစ်ပါသည်။

ကိုရိုနာကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ဟူပေပြည်နယ်၏ ဝူဟန်မြို့မှာ “N minus one” စနစ်ဖြင့် ဟင်းလျာကန့်သတ်မှုကို စတင်ပြုလုပ်လိုက် သည့် မြို့ပြဖြစ်လာပါသည်။ လူ(၁၀)ဉီးပါဝင်သည့်အုပ်စုဖြင့် လာရောက်စားသောက်ပါက ဟင်းလျာ (၉)မျိုးသာ မှာယူခွင့်ပြုသည့် စနစ် ဖြစ်ပါသည်။    စားသုံးသူ (၂) ဉီးမှ (၃) ဉီးကြားရှိသည့် အုပ်စုများအတွက် ဟင်းလျာပွဲငယ်များနှင့် တစ်ဝက်သာမှာယူသည့် ဟင်းရွက်စိမ်းများနှင့် သွားရေစာများအတွက် ဈေးလျှော့ပေးမှုများလည်း ရှိလာပါသည်။

ကွမ်ကျိုး၊ ရှန်းကျန့်နှင့် နင်းဘိုမြို့များရှိ အမေရိကန်ဟိုတယ်အုပ်စုမှ ပိုင်ဆိုင်သော Marriottအပါအဝင် ဟိုတယ်အချို့၌ ဧည့်သည်များ၏ ဘူဖေး အစားအသောက်စာရင်းမှ အစားအသောက်ပမာဏကို လျှော့ချထားပြီး၊ ဈေးနှုန်းကိုပါ လျှော့ချပေးထားပါသည်။ နင်းဘိုမြို့ရှိ Sheraton ဟိုတယ် တွင် ရွေးချယ်စရာ ဟင်းအမယ်အနည်းငယ်သာ ပါဝင်သည့် လူတစ်ဉီးစာ ဘူဖေးညစာတစ်နပ်လျှင် ယွမ် (၁၅၀) (အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ) သာရှိတော့သည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇွန်လအတွင်း ထုတ်ပြန်ချက်အရ ဘရာဇီးလ်၊ ကနေဒါ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ရုရှနှင့် အခြား ဂျုံ၊ ပဲပိစပ်၊ ဆန် အဓိကထုတ်လုပ်သောနိုင်ငံများက ၎င်းတို့၏ပြည်တွင်းလိုအပ်ချက်များအရ တရုတ်နိုင်ငံသို့ တင်ပို့မှု အပါအဝင် ပြည်ပသို့တင်ပို့မှုများကို လျှော့ချလာကြကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အစားအစာအများဆုံး တင်သွင်းသည့်နိုင်ငံ ဖြစ်ကြောင်း သိရပါသည်။

Beijing Institute of Technologyမှ စီးပွားရေးပညာရှင် Hu Xingdouက  တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ များစွာ ပြေလည်ခြင်း မရှိလှတော့ဘဲ၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း ပျက်ယွင်း နေကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်နိုင်ခြင်းမရှိပါက ၎င်း၏ လူဉီးရေ (၁.၃) ဘီလီယံမှ စားသုံးမည့် စားနပ်ရိက္ခာအလုံအလောက်ကို မည်ကဲ့သို့ ဝယ်ယူနိုင်မည်ကိုသိလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ စားနပ်ရိက္ခာဖူလုံမှုအချိုးအား လက်ရှိထားရှိထားသည့် (၈၀)ရာခိုင်နှုန်းမှ (၉၀)ရာခိုင်နှုန်းသို့ တိုးမြှင့်သင့်ကြောင်း ရေးသားခဲ့ပါသည်။

WeChat နှင့် Weiboတို့တွင် လူသိများသည့် ဘဏ္ဍာရေးဆိုင်ရာ ရေးသားသူ Liu Xiaoboကလည်း   ဆန်မှာ တရုတ်လူမျိုးအများစု၏ အဓိက အစားအစာအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း၊  တရုတ်လူမျိုးများက အမဲသား၊ ကြက်သား၊ ဝက်သားနှင့် သိုးသားများကို အလွန်ခုံမင်နှစ်သက် ကြောင်း၊ ဟင်းချက်ဆီထုတ်လုပ်ရန်နှင့် တိရိစ္ဆာန် အစာထုတ်လုပ်ရန် ပဲပိစပ်တန်ချိန် သန်း (၁၀၀)ခန့်ကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း Asia Times သို့ ဖြေကြားခဲ့ပါသည်။

လာမည့်အောက်တိုဘာလတွင် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်များရှိပြီး အခြားရိုးရာပွဲတော်များကိုလည်း ကျင်းပမည်ဖြစ်ရာ နိုင်ငံတဝှမ်း၌ အတူတကွစားသောက်ပွဲများ ကျင်းပလေ့ရှိကြသဖြင့် အစားအသောက်လိုအပ်ချက်များ ပိုမိုရှိလာနေပြီဖြစ်ပါသည်။

တရုတ်သမ္မတ၏ ကျိလင်နှင့် ဟေလုံကျန်းပြည်နယ်များသို့ သွားရောက်ခဲ့သည့် ခရီးစဉ်က တရုတ်နိုင်ငံတောင်ပိုင်းရှိ ကောက်ပဲသီးနှံများ ဆုံးရှုံးခဲ့ သောကြောင့် ၎င်းပြည်နယ်များမှ ထွက်ရှိမှုအပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်ကို ဖော်ပြနေခြင်းနှင့် လိုအပ်ချက်များ ဖြစ်ပေါ်နေမှုကို သတိပေးမှု ပြုနေခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်လျက်ရှိကြပါသည်။

(၂၀၁၈) ခုနှစ်အတွင်းက တရုတ်သိပ္ပံအကယ်ဒမီ၏ Institute of Geographic Sciences and Natural Resourcesနှင့်  World Wildlife Fund Chinaတို့ ကောက်ယူခဲ့ သောစစ်တမ်းအရ  မြို့ပြဒေသတွင် နေထိုင်သူတစ်ဉီးသည် ပြင်ပတွင် အစားအစာ မှာယူစားသုံးသည့်အခါ တစ်နပ်လျှင် ဂရမ် (၁၀၀)ခန့် ကျန်လေ့ရှိကြောင်း သိရပါသည်။ (၂၀၁၅) ခုနှစ်အတွင်း ကောက်ယူခဲ့သည့်စစ်တမ်းအရ သိုလှောင်စဉ်၊ သယ်ယူပို့ဆောင်စဉ်၊ ပြုပြင်ထုတ်လုပ်စဉ်နှင့် စားသုံးစဉ်အတွင်း အစားအစာအလေအလွင့် တန်ချိန် (၁၈) သန်းခန့် ဆုံးရှုံးကြောင်း၊ ၎င်းပမာဏမှာ တစ်နှစ်အတွက် လူသန်း (၃၀) ခန့်အား ကျွေးမွေး၍ရကြောင်းသိရပါသည်။

 

 

 (မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Taiwan News (၁၃-၈-၂၀၂၀) နှင့် asiatimes.com (၁၅-၈-၂၀၂၀)

Category: International News